အလုပ်စားပွဲက ပေးတဲ့ ကျီးပေါင်း အန္တရာယ်
ဖုန်း၊ကွန်ပျူတာကို အချိန်ကြာကြာ အာရုံစိုက်ရတဲ့အလုပ်တွေ၊ အလေးအပင် မရတဲ့သူတွေမှာ ဇက်ကြောတက်တာ၊ ပခုံးကြွက်သားတွေ တင်းမာပြီး လက်ပြင်ကြောတောင့်လာတာဟာ ကျီးပေါင်းရဲ့ ကနဦး လက္ခဏာတွေ ဖြစ်ပါတယ်။
ဆေးပညာအရတော့ ကျီးပေါင်းဆိုတာ ပုံမှန်မဟုတ်တဲ့ အရိုးနှင့် အရိုးနုလေးတွေ ထိုးထွက်လာခြင်းလို့ ပြောပါတယ်။ လည်ပင်းမှာ ကျီးပေါင်းအဖြစ်များပေမယ့် ဒူးခေါင်းနဲ့ ခါးမှာလဲ ကျီးပေါင်း ဖြစ်နိုင်ပါသေးတယ်။
အသက်ကြီးလာလေ ကျီးပေါင်း ဖြစ်နိုင်ချေ ပိုများလေ ဖြစ်ပေမယ့် အခုဆိုရင် လူငယ်တွေမှာလဲ ကျီးပေါင်းဝေဒနာကို ခံစားနေကြရပါပြီ။
အထူးသဖြင့် မိသားစုထဲမှာ ကျီးပေါင်းတက်တဲ့သူ ရှိတာ၊ မတော်တဆ ထိခိုက်ဒဏ်ရထားတာ၊ လက်မှုပညာ၊ ဖုန်း၊ကွန်ပျူတာ စတဲ့ အာရုံစိုက်လုပ်ရတဲ့သူတွေ၊ ဆေးလိပ်သောက်သူ၊ အဝလွန်သူတွေနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူတွေမှာ ကျီးပေါင်းရောဂါ ပိုဖြစ်နိုင်ပါတယ်။
ကျီးပေါင်းက များသောအားဖြင့် စိုးရိမ်စရာ မရှိပဲ သူ့အလိုလို ပြန်ကောင်းသွားလေ့ရှိပါတယ်။ ဒါပေမယ့် တခါတရံမှာ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
ကျီးပေါင်းကြောင့် အာရုံကြောကို တိုက်ရိုက်ဖိအားပေးတဲ့အခါမှာ ခေါင်းမူးတာ၊ ကိုယ်လက်ထုံကျဉ်တာ၊ လှုပ်ရှားရ ခက်ခဲတာ၊ ခါးအောက်ပိုင်း အားနည်းလာတာနဲ့ ခန္ဓာကိုယ် ဟန်ချက်မညီတာတွေအထိ ဖြစ်လာပြီဆိုရင်တော့ ဆေးကုသမှု ခံယူသင့်ပါတယ်။
အခုဆိုရင် ကျီးပေါင်းရဲ့ အခြေအနေကို သေချာစစ်ဆေးနိုင်တဲ့ နည်းလမ်းတွေနဲ့ ကုသမှုစနစ်တွေ အများကြီး ရှိနေပါပြီ။
ကျီးပေါင်းကို သက်သာစေဖို့အတွက် သင့်တော်တဲ့ လေ့ကျင့်ခန်း လှုပ်ရှားမှုလေးတွေ လုပ်ပေးဖို့ နဲ့ အိပ်တဲ့အခါမှာလဲ ခေါင်းအုံးအနေအထား မှန်ကန်ဖို့ လိုပါတယ်။
ဒါ့အပြင် အရိုးနဲ့ အရွတ်တွေကို ပိုပြီး သန်မာစေဖို့ Omega 3၊ ဗီတာမင် D ၊ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့ အသီးအရွက်၊အသား၊ငါး စတဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက် တွေ စားပေးတာမျိုးနဲ့ ရေများများ သောက်ပေးတာမျိုးလုပ်သင့်ပါတယ် ။
ကျီးပေါင်းကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပေမယ့် ကျီးပေါင်းကို သက်သာအောင် ကုသနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။
ကျီးပေါင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာပြီဆိုရင် တတ်ကျွမ်းတဲ့ ပညာရှင် အထူးကု ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး စနစ်တကျ ကုသမယ်၊ ဆောင်ရန် ရှောင်ရန် အချက်လေးတွေကိုလဲ လိုက်နာမယ်ဆိုရင် ကျီးပေါင်းဝေဒနာကနေ ကင်းဝေနိုင်ပါတယ် ဆိုတဲ့အကြောင်း မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)